ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၈/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး ဩဂုတ် ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ (၈/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေပြု ကုန်ထုတ်လုပ်ငန်းတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများပန်းတိုင်အထွက်နှုန်းထွက်ရှိရေးဆောင်ရွက်ကြရန်၊ မွေးမြူရေးကဏ္ဍတွင် အသားတိုးကြက်၊ ဝက်များ တိုးချဲ့မွေးမြူကြရန်၊ စားရိက္ခာများ ဖူလုံနိုင်ရေးအတွက် စားဖိုဆောင်သုံး အသီးအနှံများကို သက်ဆိုင်ရာဒေသအလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်ပေးရန်၊ တရားမဝင်ကုန်သွယ်မှု တားဆီးရေးကိစ္စရပ်များကို သက်ဆိုင်ရာဌာနများမှ အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်၊ နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်ကြရာတွင် မှန်မှန်ကန်ကန်ဖြစ်စေရေး၊ ကုန်သွယ်မှုကြန့်ကြာမှု မရှိစေရေး၊ နယ်စပ်ကုန်သွယ်ရေးတွင် အဟန့်အတားဖြစ်စေမည့် ကိစ္စရပ်များမရှိစေရန် သက်ဆိုင်ရာဌာနများက အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မကြာမီကျင်းပမည့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြိုင်ပွဲတိုင်းတွင် အဆင့်မီမီ ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အလားတူ လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် အမျိုးသားအားကစားပွဲတော်တွင်လည်း ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးနှင့် စံချိန်သစ်များတင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့် ဆောင်ရွက်ထားရှိရန်ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၊ Video  Conferencing ဖြင့် တက်ရောက်သည့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်