ပင်လုံမြို့၊ အ.လ.က (၃)ကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်လုံ သြဂုတ်လ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ လွိုင်လင်ခရိုင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသူဇာမှ အဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူနိုင်မှ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၏ အကြောင်းအရင်းများ၊ ရာသီဥတုပြောင်းလဲမှု၏ဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများအကြောင်းသိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများအား မေးခွန်းများမေးမြန်း၍ ဆုများချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေနေထိုင်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)