ရန်ကင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရန်ကင်း သြဂုတ် ၁၃

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန်၊ အသိပညာဗဟုသုတပြည့်စုံစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲ" ကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ညိုက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေးကို အလေးထားကြိုးစားကြစေလိုကြောင်း၊ ပညာတတ် လူတော်၊ လူကောင်းများ ပေါ်ထွန်းလာမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်ဝင့်သူဟန်ကလူငယ်ရေးရာ အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ လူငယ်တွေဆိုတာ နိုင်ငံတော်အတွက်တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့်လူစွမ်းအားအရင်းအမြစ်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ခေါင်းဆောင်များလည်းဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍများမြှင့်တင်ဆောင်ရွက်ရေး၊ လူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံဂုဏ်ရောင်အလင်းဆောင်အံ့ဆိုသည့်ဆောင်ပုဒ်နှင့်အညီ မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ်(၁၀)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း အသီးသီးဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။

လှလှထွေး(ပြန်/ဆက်)