မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊  အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) အခမ်းအနား တက်ရောက်

မော်လမြိုင် ဩဂုတ် ၁၃

မွန်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ် ဌာနမှူး၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်တို့မှ မွန်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်) အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်(အဆင့်မြင့်ပညာအဆင့်) ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးတွင်သာ ထူးချွန်ရုံမျှမကပဲ အနုပညာဘက်မှာလည်း ထူးချွန်သည့် ရွက်ပုံးသီးများ၊ ဘက်စုံတော်သည့် ပညာရှင်များ ပေါ်ထွန်းလာစေရန်၊ ကောင်းမွန်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းအမွေဆက်ခံနိုင်စေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီးတွင် ဘာသာရပ်အစုံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှလည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်မှာဖြစ်ပြီး လိုအပ်သည်များအား အစွမ်းကုန်ပံ့ပိုး‌ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမယ့် မျိုးဆက်သစ်ကျောင်းသား လူငယ်မောင်မယ်လေးများအနေနှင့် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များဖြစ်စေရန် အနှစ်သာရရှိရှိရိုးသားကြိုးစားစွာ အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်သွားကြ‌စေလိုကြောင်းနှင့် ခေတ်မီနိုင်ငံတော် တည်ဆောက်ရာမှာ အနုသုခုမပညာဖြင့် ပါဝင်လက်တွဲဆောင်ရွက်သွားကြပါလို့ တိုက်တွန်းမှာကြားလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ် အနုပညာအသင်းမှ “အပျိုတော်အက”ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အဆင့်မြင့်ပညာအဆင့်)တွင် မော်လမြိုင်တက္ကသိုလ်မှ ပြိုင်ပွဲများ၏ တစ်ဦးချင်းအကပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံအား‌‌ပေးနှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(အဆင့်မြင့်ပညာအဆင့်)တွင် တက္ကသိုလ်/ ဒီဂရီကောလိပ်အသီးသီးမှ စုစုပေါင်း ပြိုင်ပွဲဝင် အမျိုးသား၊ အမျိုးသမီး(၃၆)ဦးတို့က အဆိုပြိုင်ပွဲတွင် မဟာဂီတဘာသာရပ်၊ ခေတ်ဟောင်းကာလပေါ်တေး ဘာသာရပ်၊ အမျိုးဂုဏ်/ ဇာတိဂုဏ် မြှင့်တင်ရေးတေးဘာသာရပ်၊ တစ်ဦးချင်းအကပြိုင်ပွဲတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)