မင်္ဂလာဒုံ ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရန်ကုန်စက်မှုဇုန်နှင့် ပျဉ်းမပင်စက်မှုဇုန်တို့တွင် ယမန်နေ့က အလုပ်သမားရေးရာအသိပညာပေးဆွေးနွေးပွဲကို Musung Garment Co.,Ltd(အထည်ချုပ်စက်ရုံ)နှင့် စိမ်းလန်းသောနယ်မြေသစ်(အထည်ချုပ်စက်ရုံ)တို့မှ အလုပ်သမားများအား အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ညွှန်ကြားရေးမှူးချုပ်က အသိပညာပေးဆွေးနွေးဟောပြောရာတွင် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကို ကောင်းစွာသိရှိနားလည်ပါက အငြင်းပွားမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်အနေဖြင့်လည်း ဥပဒေပါခံစားခွင့်များ အပြည့်အဝပေးရန်လိုအပ်ပါကြောင်း၊ အလုပ်သမားအငြင်းပွားမှုများ ဖြစ်ပွားလာပါက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှသာ အေးချမ်းသာယာသော လုပ်ငန်းခွင်ဖြစ်စေမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာမှသာ ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်မှသာ အလုပ်သမားများ၏ လူမှုဘဝတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အငြင်းပွားမှုများဖြစ်ပွားလာပါက စက်ရုံတွင်း၌ ပြေလည်မှုရရှိအောင်(WCC)တွင် ကနဦးဆွေးနွေး ညှိနှိုင်းမှု လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ (WCC)တွင် ပြေလည်မှုမရရှိပါက ဝန်ကြီးဌာနအောက်ရှိ အလုပ်သမားရေးရာဌာနများသို့ တိုင်ကြားနိုင်ပြီး ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အလုပ်သမားဥပဒေများပါ အလုပ်ရှင်၊ အလုပ်သမားများ သိရှိဆောင်ရွက်သင့်သည့်အချက်များကိုသိရှိနိုင်ရေး ယခုလိုတွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများက အလုပ်သမားဥပဒေပါအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အလုပ်သမားများကသိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ခံအရာရှိများက ပြန်လည်ဖြေကြားခဲ့ပြီး အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အဆိုပါစက်ရုံများရှိ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)