စဉ့်ကိုင် သြဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားကုန်ကျမှု ပြဿာနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ခုနှစ်၊ အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်စွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီက စဉ့်ကိုင်မြို့နယ်၊ သိန္နီကုန်းကျေးရွာ၊ မြို့မကွင်း(၆၇-ခ)၊ ဦးပိုင်အမှတ် (၁၅)ရှိ ဒေသခံ တောင်သူ ဦးမျိုးလှိုင်၏ လယ်မြေ( ၃)ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲတွင် အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်မျက်နှာပြင် ညီညာရန်လိုအပ်ခြင်း၊ ပျိုးခင်းအတွက် နေရာအနည်း ငယ်သာ လိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ ကောက်ကွက်နှင့် ကောက်ပင်အတိမ်အနက် လိုအပ်သလိုချိန်ညှိစိုက်ပျိုးနိုင်ခြင်း၊ ပျိုးသက်နုနုဖြင့် စိုက်ပျိုးနိုင်ခြင်း၊ ကောက်ပင်လှန်မြန်ခြင်းနှင့် ပင်ပွားအရေအတွက်များများရရှိခြင်း၊ တစ်ဧကကောက်ကွက်ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲလာသည်တို့တွင် အချိန်အခါမီ စိုက်ပျိုးနိုင်ခြင်းနှင့် အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက်များကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲကျော်စိုးက အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြ နေမှုများအား အင်းကုန်းစက်မှုလယ်ယာစက်ရုံနယ်မြေမှ စက်ရုံမှူးဦးမျိုးလွင်ဦး၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင်များ၊မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဇော်နှင့် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင်များ၊၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာ (၅) ရွာမှ ဒေသခံတောင်သူများ စုစုပေါင်း(၃၅)ဦးခန့်က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)