မိတ္ထီလာ ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ပြိုင်ပွဲကို ကျင်းပရာအခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အလယ်တန်းကျောင်းများမှ ပြိုင်ပွဲ ကျောင်းသူ၊ကျောင်းသား ၆၅ ဦးက “အသိဉာဏ်ဖွံ့ဖြိုးဖို့ စာကြည့်တိုက်ကိုသွားကြစို့” ခေါင်းစဉ်ဖြင့် ပါဝင်ရေးသားယှဉ်ပြိုင်ကြသည်။ ၎င်းပြိုင်ပွဲဝင် ကျောင်းသူ၊ကျောင်းသားများ၏ ပါဝင်ယှဉ်ပြိုင်နေမှုအား လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲအား ဩဂုတ်လ ၂၂ ရက်နေ့၌ အ.ထ.က(၂)တွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြိုင်ပွဲများအတွက် ကြိုတင်ကျင်းပခြင်းဖြစ်ပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဩဂုတ်လ ၁၆ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)