ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိက ကျောင်းတည်ထောင်သူများနှင့်တွေ့ဆုံ၊ပြည်နယ်ဝန်ကြီးချုပ်ဖလား ပထမတံခွန်စိုက်ဆုဖလားရ ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား သြဂုတ် ၁၃

ကချင်ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိက ကျောင်းတည်ထောင်သူများနှင့် တွေ့ဆုံပွဲနှင့် ဒေသဆိုင်ရာကြီးရေးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပုဂ္ဂလိကပညာရေး ဥပဒေအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကျောင်းများ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနက ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန် လိုအပ် သကဲ့သို့ ဌာနမှ ညွှန်ကြားချက်များ၊ အကြံပြုချက်များကို အလေးထားလိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခု နှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပြည်နယ်အတွင်း ကိုယ်ပိုင်ကျောင်းပေါင်း ၇၆ ကျောင်း၊ ထက်၊ လယ်၊ မူအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ (၁၇၇၈၅) ဦးတို့ သင်ကြားလေ့ကျင့် လျက်ရှိကြောင်း၊ ထို့ကြောင့် ကျောင်းတည်ထောင်သူများ၊ ကြီးကြပ်အုပ်ချုပ်သူများ၏ ဦးဆောင်မှုဖြင့် မိဘ၊ ဆရာ၊ ကျောင်းသားဟန်ချက်ညီညီဆောင်ရွက်ခြင်းဖြင့် မျိုးချစ်စိတ်ထက်သန်ပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာအောင် အားကစားနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလေးထားပြုစုပျိုး ထောင်ပေးရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် အစဉ်တစိုက် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများ လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေပါ အချက်များနှင့် မြစ်ကြီးနားတက္ကသိုလ်မှ ပူးပေါင်းဆောင်ရွက်နိုင်သည့် ပညာရေးဆိုင်ရာကဏ္ဍများအား ရှင်းလင်းပြောကြားပြီး စေတနာဦးကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးကျော်မိုးက ကိုယ်ပိုင်ကျောင်းများ ဖွင့် လှစ်၍ သင်ကြားရေးလုပ်ငန်းများအပေါ် ညွှန်ကြားချက်များ၊ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ စစ်ဆေးအကြံပြုချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ တည်ထောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပံ့ပိုးကူညီဆောင် ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဒေသဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ခန်းမအတွင်း ကိုယ်ပိုင်ကျောင်းများမှ ခင်းကျင်းပြသထားသည့် ပညာရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ သြဂုတ် ၁၂ ရက် ညနေ ၆ နာရီကလည်း ၂၀၂၄ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုဖလားရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းအတွက် ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တံခွန်စိုက်ဖလားရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘောလုံးအသင်းအတွက် ချီးမြှင့်ငွေကျပ်သိန်း ၅၀၊ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနက ချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ၊ ပြည်နယ်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ချီးမြှင့်ငွေများကို အသီးသီးချီးမြှင့်ပေးအပ်ကြရာ အသင်းအုပ်ချုပ်သူ ဦးစီးအရာရှိ ဦးငြိမ်းချမ်းမြင့်က ကျေးဇူတင်စကားပြန်လည်ပြောကြားပြီး တံခွန်စိုက်ဆုဖလားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးထံ အပ်နှင်းခဲ့ကြကာ ဂုဏ်ပြုညစာကို ဘောလုံးအားကစားသမားများ၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ရင်းရင်းနှီးနှီး သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)