မိတ္ထီလာ သြဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် စက်မှုနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် တက်ရောက်ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိစေရန်၊ လိုအပ်သလို အသင်းအဖွဲ့အလိုက် ပါဝင်ဆောင်ရွက်တက်စေရန် ကာယ၊ ဉာဏအား နှစ်ဖြာပြည့်ဝစေရန်၊ လိုက်လျောညီထွေစွာ ဆက်ဆံတတ်စေရန်အတွက် မိုးရာသီအားကစားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းသား၊ကျောင်းသူများက ပန်းပွားအကဖြင့် ကပြခြင်း၊ ဇာတိမာန်သီချင်း သီဆိုဖျော်ဖြေခြင်းနှင့် Fitness Dance အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲတွင် ဆုရသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ဆရာကြီး ဦးစိန်ကျော်လှိုင်နှင့် ဆရာဆရာမများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မိုးရာသီ အားကစားပြိုင်ပွဲကို ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ အမျိုးသား လွန်ဆွဲပြိုင်ပွဲနှင့် အမျိုးသမီးလွန်ဆွဲပြိုင်ပွဲများကို သြဂုတ်လ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ရာ ၎င်းပြိုင်ပွဲများကို ဘာသာရပ်အလိုက် ကျောင်းသား၊ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)