ပျော်ဘွယ် ဩဂုတ် ၁၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျေးရွာစာကြည့် တိုက်များ ရှင်သန်ခိုင်မာစေရေးတို့ကို ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာဆင့်ပွား သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေကို ပိုမိုဖတ်ရှုလေ့လာရန် လိုအပ်ပါကြောင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေး၊ အသိပညာဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ စာကြည့်တိုက်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလို အခြေခံ စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းကို ဆက်လက်ကျင်းပသည်။
အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းသို့ မြို့နယ်အတွင်းအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၃၀)ဦး၊ ကျေးရွာစာကြည့် တိုက်များမှ (၁၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)