ကျောက်ဆည် ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းလာစေရေးအတွက် ယမန်နေ့မွန်လွဲ(၂)နာရီက လေးဆယ်ကုန်းကျေးရွာတွင် (အဋ္ဌမ)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ကျေးရွာဘက်စုံဖွံ့ဖိုးရေး စီမံကိန်းလုပ်ငန်းများ စနစ်အကျ အချိန်နှင့်တစ်ပြေးညီ လည်ပတ်နိုင်ရေး စနစ်တကျစည်းကမ်းရှိရှိ လုပ်ဆောင်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးလုပ်ကိုင် သူ (၁၁၃)ဦးအတွက် ငွေကျပ် (၂၇၈)သိန်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ(၉၀)ဦးအတွက် ငွေကျပ် (၁၃၁) သိန်းကျပ်၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၂)ဦးအတွက် ငွေကျပ်(၃၁)သိန်းတို့အား လက်ဝယ်အရောက် ထုတ်ချေးငွေးများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများကို (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်တွင် ရွှေလေးကျေးရွာအား စတင်ထုတ်ချေးပေးခဲ့ပြီး၊ ယခုအခါ စီမံကိန်းကျေးရွာ (၄၅)ရွာရှိပြီး ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးလုပ်ငန်းများကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)