မုဒုံ သြဂုတ် ၁၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်သား/သူများ အသိပညာဗဟုသုတများ ပြည့်စုံစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြိုင်ပွဲနှင့် ပြပွဲများကို ယနေ့နံနက် (၁၀) နာရီက အ.မ.က (ပိုင်ကမာ) စာသင်ကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှရီက အဖွင့်အမှာစကား ပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက စာပေဖတ်ရှု လေ့လာခြင်းသည် ဘဝအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်သောကြောင့် ငယ်ရွယ်စဥ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ အသိပညာ ပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကို ဖတ်ရှုလေ့လာကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံက စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး နံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ ၅၀ ဦးတို့မှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)