မိုင်းယန်း ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ “စာဖတ်ရှိန်မြှင့်တင်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ကျောင်းသား/ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တကောင်းမွန်၍ အမှားအမှန် ဝေဖန်ခွဲခြားသိမြင်စေရန်၊ မိမိတို့လေ့လာထားသည့် ဗဟုသုတများကို ပြန်လည်မျှဝေတက်စေရန်၊ အများရှေ့တွင် ပြောဆိုဆက်ဆံတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဥပမာ၊ သာဓကများဖြင့် အကျယ်တဝင့် အသိပညာပေးရှင်းလင်းဟောပြောပြီး ခရိုင်ပညာရေးမှူး ဦးသိန်းဝင်းက ကျောင်းသား/ ကျောင်းသူများအား အားလပ်ချိန်များတွင် ဗဟုသုတရရှိနိုင်သည့် စာပေများကို ဖတ်ရှုလေ့လာကြစေရန် ရှင်းလင်းဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပေးနံရံကပ်စာစောင်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပေးနံရံကပ်စာစောင်အား ပြသရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး