မိုင်းယောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

မိုင်းယောင်း ဩဂုတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၁၁ နာရီခွဲက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အောင်မြင်ခြင်းရဲ့အုတ်မြစ်”စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်စသည့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အောင်မြင်ခြင်းရဲ့အုတ်မြစ်”စာအုပ်မှ “အောင်မြင်ခြင်းရဲ့အုတ်မြစ်”အကြောင်းကို ဦးဆောင်ဖတ်ကြားသည်။

ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူ မောင်လေဝိက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အောင်မြင်ခြင်းရဲ့အုတ်မြစ်”စာအုပ်မှ “ပညာကိုမြတ်နိုးတတ်သော” အကြောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက “လမ်းမှန်သိမြင်” အကြောင်း၊ စာအုပ်စာပေချစ်မြတ်နိုးသူမဘူးလိက “ပညာအကျင့်” အကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်က “လမ်းလျှောက်ပါလေအသက်ရှည်”အကြောင်းနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ မောင်ဝင်းထွန်းလင်းက “ပညာနဲ့မိမိ”အကြောင်းကို ဖတ်ကြားခဲ့ကြပြီး စာကြည့်တိုက်၊ စာအုပ်စာပေများမှရရှိသည့် အသိအမြင်ဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)