ရန်ကုန် သြဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ဝန်ထမ်းများ ဌာန၏လုပ်ငန်းတာဝန်များကို နားလည်တတ်မြောက်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ဌာန၏လုပ်ငန်းတာဝန်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် သတင်းကဏ္ဍကိုသိရှိစေရန်၊ ဒေသဖွံ့ဖြိုးရေးသတင်းများထူးခြားဖြစ်စဥ်များကို ကိုယ်တိုင်ရေးသားတတ်စေရန်၊ သတင်းမီဒီယာလုပ်ငန်းများတွင် ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ကြရန်စသည့် ရည်ရွယ်ချက်များဖြင့် သတင်းရေးသားနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ ဆရာဝင်းနွယ်(ပုသိမ်)က သင်ကြားပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အခြေခံသတင်းရေးသားနည်း၊ သတင်းရယူရိုက်ကူးခြင်းနှင့် သတင်းဓါတ်ပုံရိုက်ကူးနည်း၊ သတင်းအရင်းအမြစ်များ၊ သတင်းတည်းဖြတ်ခြင်း ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ သတင်းမီဒီယာ ကျင့်ဝတ်များ၊ သတင်းမီဒီယာနည်းဥပဒေများနှင့် စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်များ၊ သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ရုံးများမှ သင်တန်းသား၊ သင်တန်းသူ (၂၄)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြည်ဇေသော်