ပျော်ဘွယ် ဩဂုတ် ၁၃
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှုအခြေအနေများကို လည်းကောင်း၊ တိုးတက်လာသောခေတ်စနစ်နှင့်အညီ လူငယ်များဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များရှင်သန်ခိုင်မာရေးအတွက် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက ကျေးရွာစာကြည့်တိုက် (၁၀) တိုက်အား သုတရသစာအုပ်စာစောင်များကိုပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာစာကြည့်တိုက် ကော်မတီဝင်များက လက်ခံရယူခဲ့ပြီး ကျေးရွာစာကြည့်တိုက်ကော်မတီဝင်တစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)