တံတားဦးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး တောင်သူများ မျှော်လင့်

တံတားဦး ဩဂုတ် ၁၃

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးထားသော မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ရေးနှင့် အထွက်နှုန်းကောင်မွန်ရေး တောင်သူများ မျှော်လင့် နေကြကြောင်း သိရသည်။

ယခုနှစ် မြို့နယ်အတွင်းစိုက်ပျိုးမှု လျာထားချက်ပြည့်မီစေရန် မိုးစပါးဧက စုစုပေါင်း (၁၄၅၇၅)ဧက လျာထားပြီး စိုက်ပျိုးမှုအား ရာနှုန်းပြည့် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ဖွံ့ဖြိုးရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ ပေါင်းမြက်ကင်းရှင်းရေးတို့အတွက် တောင်သူများ တွေ့ဆုံပြီး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် တံတားဦးခရိုင်/မြို့နယ် စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်း ဦးဆောင်မှုဖြင့် တောင်သူများအား မြေဩဇာစနစ်တကျ သုံးစွဲရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သဘာဝမြေဩဇာများကို အချိုးကျ ထည့်သွင်းအသုံးပြုရေး၊ ရေသွင်းရေထုတ်မှန်ကန်ရေး၊ ကုန်ကျစရိတ်သက်သာပြီး မျိုးကောင်းမျိုးသန့်ရရှိရေး၊ အရည်အသွေးပြည့်မီသော စပါးများရရှိရေးနှင့် ရိတ်သိမ်းရာတွင် အလေအလွင့် မရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် အပင်များ ရှင်သန်း အောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့ကို မျှော်လင့်မိပါကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရဲတင့်(ပြန်/ဆက်)