နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမတွင် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများ တိုက်ရိုက်ရောင်းချပေးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော် ဩဂုတ် ၁၃

ဆေးဝါးဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြတ်လပ်မှုမရှိစေရန် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ “ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများ တိုက်ရိုက်ရောင်းချပွဲ”ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမတွင် ရောင်းချပေးနေမှုကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုအားပေးစဉ် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာ ဝင်းကြိုင်နှင့် တာဝန်ရှိသူများက ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများ တိုက်ရိုက်ရောင်းချပေးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲတွင် ဆေးကုမ္ပဏီ ၃၇ ခုဖြင့် ဩဂုတ် ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)