ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

တောင်ကြီး ဩဂုတ် ၁၃

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ခရီးသွားလုပ်ငန်း၏ ပုံမှန်သဘောသဘာဝအရ မိုးတွင်းကာလတွင် ဧည့်သည်နည်းပါးတတ်သော ကာလဖြစ်သည့်အတွက် ၎င်းကာလတွင် ဟိုတယ်များစိမ်းလန်းစိုပြည်သန့်ရှင်းသပ်ရပ်မှုရှိရေး၊ ဝန်ထမ်းများလေ့ကျင့်သင်ကြားရေး၊ ပြုပြင်မွမ်းမံရမည့် လုပ်ငန်းများကို ပြင်ဆင်မွမ်းမံရေး စသည့်လုပ်ငန်းများကို လာမည့်ပွင့်လင်းရာသီ၊ ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရသည့် ကာလဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ ဒေသ၏အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် အများပြည်သူစိတ်ချမ်းမြေ့ပျော်ရွှင်စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ဘဏ္ဍာငွေကြေးများ လျာထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပနေသည့်နည်းတူ ပြည်ထောင်စုအဆင့်တွင်လည်း ခရီးသွားလုပ်ငန်းကော်မတီ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဦးဆောင်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီတို့ကို ပုံမှန်ကျင်းပလျက်ရှိသည့်အတွက် ၎င်းအစည်းအဝေးများမှချမှတ်ပေးသည့် ဆုံးဖြတ်ချက်များ၊ မူဝါဒများကို လုပ်ငန်းလမ်းညွှန်များအဖြစ်မှတ်ယူပြီး လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)