ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တောင်ကြီးမြို့ရှိ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား တက်ရောက်

တောင်ကြီး ဩဂုတ် ၁၃

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊   မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားရာတွင် လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နောင်လာမည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များကသာ ဦးဆောင်သွားရမည်ဖြစ်ကြောင်း၊ လူငယ်များသည် အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များ၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူများ၊ စွန့်ဦးတီထွင်သူများဖြစ်သည့်အတွက် နယ်ပယ်ကဏ္ဍပေါင်းစုံတွင်ရှိသည့် လူငယ်များ ဆောင်ရွက်နိုင်သော အခွင့်အလမ်းများ ဖန်တီးပုံဖော်ပေးခြင်းအားဖြင့် မျိုးဆက်သစ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေနိုင်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအပါအဝင် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းများ၏ စုပေါင်းညီညွတ်မှုအားဖြင့် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း‌ဆောင်ရွက်ရန်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ ထိုင်းနိုင်ငံ ဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ သံပြားပစ် တတိယဆု၊ သံလုံးပစ် တတိယဆုရ (အားကစားနည်းနှစ်မျိုးလုံးတွင် မြန်မာပြည်စံချိန်သစ်တင်နိုင်ခဲ့သူ) အားကစားသမား မောင်ထက်ဝေယံ၊ 2024 ASEAN University Game Indonesia, Wushu Sanda 56kg, ငွေတံဆိပ်ဆုရ အားကစားသမား မောင်ညီဇေယျာမင်းနှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တံခွန်စိုက်ဆုရ ပြည်နယ်ပညာရေးမှူးရုံး အမျိုးသားဘော်လီဘောအသင်းတို့အား ဂုဏ်ပြုဆုများပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်အတွင်းရှိ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ဆုတံဆိပ်ရ ထူးချွန်လူငယ်များ၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း Video clip ကို ပြသခဲ့သည်။

ယင်းနောက် တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက လူငယ်ဂုဏ်ပြုတေးသီချင်းနှင့် တိုင်းရင်းသားယဉ်ကျေးမှုအကတို့ဖြင့် တင်ဆက်ဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေ‌ရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်၍ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ပြခန်းများအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နည်းပညာတက္ကသိုလ်(တောင်ကြီး)မှကျောင်းသားတစ်ဦးက အကျိုးပြုနည်းပညာများနှင့် လူငယ်များ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ကျောင်းသားတစ်ဦးက လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောင်ကြီးတက္ကသိုလ်မှ ကျောင်းသူတစ်ဦးက အားကစားစိတ်ဓာတ်ပြန့်ပွားရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး လူငယ်အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် လူငယ်စုံညီပွဲတော်ကျင်းပရေးကော်မတီမှဦးစီး၍ အခမ်းအနားတက်‌ရောက်လာသည့် လူငယ်များအတွက် အချင်းချင်းချစ်ကြည်စည်းလုံးမှုကို အခြေခံသည့် စုပေါင်း Game ကစားခြင်း၊ ရှမ်းပြည်နယ် ယဉ်ကျေးမှုပြတိုက်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(တောင်ကြီး)ရှိ စာကြည့်တိုက်သို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)