ဇေယျာသီရိမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဇေယျာသီရိ ဩဂုတ် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလိုဟောပြောပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် စာရေးဆရာ စိန်ဝင်းနွယ်က အောင်မြင်ခြင်းနှင့် တစ်နာရီ၊ စာရေးဆရာ ရဲမွန်ကျော်က ဖိုးမောင်နှလုံးသား၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာမ ချယ်ချယ် (YU)က လူငယ်နှင့် အားသာချက်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)