မြောက်ဥက္ကလာပ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက အစည်းအဝေးပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးစံတင်ဦးက သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်နှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး သင်တန်းများဖွင့်လှစ်ပို့ချ ဆောင်ရွက်မည်ဖြစ်ပြီး မိမိတို့မြို့နယ်အတွင်း သင်တန်းသား/သူ ၃၅၅ ဦး တက်ရောက်သင်ယူမည့်ဖြစ်ရာ စေတနာ၀န်ထမ်း ၈၁ ဦးပါ၀င်ကြောင်းနှင့် သင်တန်းကာလမှာ (၁၇-၉-၂၀၂၄)ရက်မှ (၂၈-၉-၂၀၂၄)ထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း စသည့်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီတွင် ပါဝင်ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက သန်းခေါင်စာရင်းကောက်ယူရာတွင် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)