ကျိုက်ထိုမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို  ဩဂုတ်  ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်များအသင်း(Youth Club)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ်  စာရေးဆရာကောင်းသန့်ရေးသားသည့် တိုးတက် အောင်မြင် ပျော်ရွှင် ငြိမ်းချမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းမော်က လူငယ်များအနေဖြင့် အားလပ်သည့်အချိန်များတွင် စာဖတ်ရှိန်မြင့်မားလာစေရန်အတွက်  ပြင်ပစာပေ၊ ဗဟုသုတများကို လေ့လာဖတ်ရှုကြ‌စေရန်၊ စာအုပ်စာပေများနှင့်ရင်းနှီးမှုရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့်အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Youth  Club လူငယ်များ အသင်းမှအဖွဲ့ဝင်များက အဆိုပါစာအုပ်မှ ရည်မှန်းချက်ထားပါ၊ ဇွဲရှိပါစေ၊ လုံ့လဝီရိယ ရှိပါစေ၊ အလုပ်ကိုရှာဖွေလုပ်ပါ၊ အချိန်၏တန်ဖိုးကိုသိပါ၊ အခွင့်ကောင်းကိုရယူတတ်ပါစေစသည့် ခေါင်းစဉ်များကို ကဏ္ဍအလိုက်အသီးသီးဖတ်ကြားဆွေးနွေးရာ တက်‌ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် စာပေကိုစိတ်ဝင်စားမှုရှိလာစေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)