ငါန်းဇွန် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ ညနေ (၄) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ယူ၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ အိမ်ထောင်စုဝင်ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁) ပိဿာ (၆၉၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများစားသုံးရန် တစ်ရက်လျှင် စားအုန်းဆီ ၁၃၂၀ ပိဿာ ခွဲတန်းရရှိခဲ့ရာ ငါန်းဇွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံကွပ်ကဲမှုဖြင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူဖြန့်ဝေမှုများ ဆောင်ရွက်ပေးခဲ့သည်။ မြို့ပေါ်ရှိ ရပ်ကွက်(၅)ရပ်ကွက်မှ အိမ်ထောင် စုဝင်များအား တစ်အိမ်ထောင်လျှင် စားအုန်းဆီ(၁) ပိဿာ (၆၉၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ စားအုန်းဆီများကို အိမ်ထောင်စုဝင် (၁၇၀၀)ကျော်ဦးအား ဖြန့်ဝေပေးရန်လျာထားရာ မြို့ပေါ်ရှိဆီဆိုင်များဖြစ်သော ဦးသန့်ဇင်ဝင်း၊ ဦးဇော်လင်း၊ ဦးကျော်မင်း၊ ဦးကြည်စံ၊ ဦးကံသာနှင့်ဒေါ်သန့်သန့်ဆီဆိုင်များမှ စားအုန်းဆီများဖြန့်ဝေခဲ့ရာ အိမ်ထောင်စုဝင်စုစုပေါင်း (၁၈၄၉) ဦး လာရောက်ဝယ်ယူခဲ့သဖြင့် လျာထားချက်ထက် ပိုမိုရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ အိမ်ထောင်စုဝင်များကို အိမ်ထောင်စုဝင်ဇယားဖြင့် စနစ်တကျ ခေါ်ယူရောင်းချပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၊ ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းကျေးရွာများရှိ ဆီကိုယ်စားလှယ်များထံသို့လည်း စားအုန်းဆီများကို အပတ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ တစ်ပတ်လျှင် ဆီကိုယ်စားလှယ် တစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ (၆၉၀၀) ကျပ်နှုန်းဖြင့် (၂၀) ပိဿာ ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ဆီကိုယ်စားလှယ် (၁၁၅) ဦး ရှိကြောင်း သိရသည်။