မိတ္ထီလာ ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်၉နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲမကျင်းပမီ ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် ပြိုင်ပွဲကို ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသူ၊ ကျောင်းသား ၄၉ ဦးက “နှလုံးသားဦးနှောက်ဖွံ့ဖြိုးဖို့ တို့တွေစာဖတ်စို့” ခေါင်းစဉ်ဖြင့် ပါဝင်ရေးသားယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားများ၏ ပါဝင်ယှဉ်ပြိုင်နေမှုအား လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးတင်တော်နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးသည်။ အဆိုပါ ပြိုင်ပွဲအား ဩဂုတ်လ ၂၂ ရက်နေ့၌ အ.ထ.က(၂)တွင် ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြိုင်ပွဲများအတွက် ကြိုတင်ကျင်းပခြင်းဖြစ်သည်။ ဆက်လက်၍ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ အထွေထွေဗဟုသုတပြိုင်ပွဲ(ထက်၊လယ်၊မူ)၊ မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာနခန်းမနှင့် အ.ထ.က (၂) တို့တွင် ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ