ညောင်ဦး ဩဂုတ် ၁၂
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြန်မာပြည်အရပ်ရပ်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းအသီးသီးတွင် ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကို ကြိုဆိုခဲ့ကြကြောင်း ဆင်စခန်းတာဝန်ခံများထံက သိရသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အား ဆင်စခန်းတာဝန်ခံနှင့်ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များ ဦးဆောင်ကာ ဆင်စာဘူဖေးကျွေးခြင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိ ဆင်များအား ကာကွယ်ထိန်းသိမ်းကြရန်ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံအခြေစိုက် Elephant Reintroduction Foundation တို့မှ စတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် (Wildlife Organizations) နိုင်ငံပေါင်း (၇၂)နီးပါးရှိနေပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံလက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံက သိရသည်။
ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း(၂၄)ခုလုံး ဆင်စာဘူဖေးကျွေးခြင်းများဖြင့်ကျင်းပခဲ့ကြောင်း ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့အား ဆင်စာဘူဖေးကျွေးခဲ့ကြောင်း ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်း၊ လက်ထောက်မန်နေဂျာ ဦးညီညီအောင်ထံမှ သိရသည်။
ဒီပါလင်း