ကျောက်ဆည်ခရိုင်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြခန်းများ ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင်ကျင်းပမည်ဖြစ်ရာ ပြခန်းများပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ(၁၉)ရက်နေ့တွင် ကျောင်းစာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ အဆင့်မြင့်ကျောင်းများ၊ တက္ကသိုလ်များမှ ပြခန်း(၁၀)ခန်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့်ဖျော်ဖြေရေး အစီအစဉ်များကိုလည်း ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အခြေခံကျောင်းများနှင့် ချိတ်ဆက်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ လူရည်ချွန်များ၊ ဘင်ခရာ၊ ပန်းပွားအက၊ ဆင်အကအလှများ ကရာတေး၊ ဂျွန်းဘားပြိုင်ပွဲများ ပါဝင်သားမည်ဖြစ်ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကော်မတီများ၏လှူဒါန်းငွေများဖြင့် တစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် (၁၂)ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြခန်းများပြသနိုင်ရေးအတွက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်၊ အစိုးရနည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး၊ ကိုယ်ပိုင်ကျောင်းမှဆရာ၊ ဆရာမများ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည့် ပြခန်းများကို ဆွေးနွေးကြရာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)