မိတ္ထီလာမြို့နယ်ဥယျာဉ်ကျေးရွာ၌ ​မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

မန္တလေး သြဂုတ် ၁၂  

မန္တ​လေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာ‌ရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွား မွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တောမကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက နို့စားနွားမွေးမြူရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန် အချက်များ၊ ကော်မတီဝင်များ၏ တာဝန်များကို ဆွေးနွေးပြောကြားခဲ့သည်။၎င်းနောက် စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးရဲအောင်က လက်စွဲပါစာစောင်နှင့်အညီ ကျေးရွာသူ/ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် မြစိမ်းရောင်ကျေးရွာ လုပ်ငန်းအဖွဲ့ဝင် ၇ ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

မိတ္ထိလာမြို့နယ် ဥယျာဉ်ကျေးရွာ၌ ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ထောက်ပံ့ငွေကျပ်သိန်းသုံးရာဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် မျိုးကောင်းမျိုးသန့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)