အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာနွေးအိလှိုင်၏ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိဒေါ်ခင်ခင်ဝင်းနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက မိုးရာသီကာလအတွင်း ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါအတွက် ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ ဓာတ်ဆားရည်ဖျော်နည်း၊ အစားအသောက်များနှင့်ပတ်သက်၍ သန့်ရှင်းစွာထားရှိရန်နှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် အသိပညာပေးပိုစတာများကပ်ခြင်း၊ အသိပညာပေးဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရပ်ကွက်များ၊ ဈေးများ၊ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် Hand စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများနှင့် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)