မက်မန်း ဩဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မက်မန်းမြို့နယ် နယ်ခြားကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး) က “လူငယ်နှင့်ပညာ”အကြောင်းကို ဦးစွာရှင်းလင်းဆွေးနွေးရာတွင် ပညာ၏အရေးပါပုံ၊ ပညာကို ကောင်းစွာအသုံးချပါက ပညာရဲရင့်ပွဲလယ်တင့်ခြင်းအကြောင်းအရာများ၊ ပညာ၊ ရှေးခေတ်ပညာရှိများအကြောင်း၊ နိုင်ငံတာကာရှိ လူငယ်များအနေဖြင့် ပညာရှာဖွေသည့်အကြောင်းအရာများကို ကျောင်းသား၊ကျောင်းသူလူငယ်များအား ဟောပြောဆွေးနွေးခဲ့သည်။ ထို့ပြင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်စေရန်အတွက် ငယ်ရွယ်စဉ်အခါကပင် လေ့ကျင့်ပျိုးထောင်ပေးသင့်ကြောင်းကိုလည်း ဟောပြောခဲ့သည်၊ လူငယ်ရေးရာဟောပြောပွဲတွင် အမှတ် (၁၀၁၀) နယ်ခြားကျောင်းမှ ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ (၈၅) ဦး တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)