သုံးခွ သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၂) ကျောင်းသား/သူလေးများက "ပညာရည်ချွန်လူရည်မွန်”သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက သုံးခွမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁) စာစစ်ဌာနတွင် ကျောင်းသား/သူ (၃၀၄)ဦး ဝင်ရောက်ဖြေဆိုရာ (၁၈၈)ဦး ဖြေဆိုအောင်မြင်ပါကြောင်း၊ ယင်းသို့ ဖြေဆိုအောင်မြင်ရာတွင် (၅)ဘာသာဂုဏ်ထူးရှင်(၂) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး ပေါ်ထွက်ခဲ့ပါသဖြင့် ယနေ့ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခြင်းဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အ.ထ.က(၁)မှ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။
စည်သူလင်း(ပြန်/ဆက်)