ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကင်း သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်စည်ပင်သာယာဝင်းအေးငြိမ်းချမ်းသာဓမ္မာရုံအတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရ ရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင်၏ ကြီးကြပ်မှုဖြင့် လဝကမှူးဒေါ်ဝေမာ ဦးဆောင်သော ဝန်ထမ်းအဖွဲ့များက အမှတ် (၁၂)ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)၊ (၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်း နေပြည်သူများအား မေလ(၃)ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလ(၃)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန်ကျန်သည့် ပြည်သူများအနေဖြင့် လာရောက်ပြုလုပ်နိုင်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လှလှထွေး (ပြန်/ဆက်)