၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဩဂုတ် ၁၂

ရှမ်းပြည်နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင် ပျော်မွေ့သော ဝန်ထမ်းများဖြစ်လာစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ လုပ်အားစွမ်းပကား တိုးတက်မြင့်မားလာစေရန်၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့နည်းစေရန်၊ ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ရေးပြမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားအသင်းများက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်အား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ အားကစားနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာသန်စွမ်းသော နိုင်ငံ့ဝန်ထမ်းများဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်၍ ဝန်ထမ်းများ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သူများ ဖြစ်ရန်လိုအပ်ကြောင်း၊ အားကစားလေ့ကျင့်လိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ရွှင်လန်းခြင်း၊ ဉာဏ်ရည်မြင့်မားခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုမြင့်မားခြင်း၊ မိတ်ဆွေသင်္ဂဟပေါများခြင်း စတဲ့ကောင်းကျိုးများကို ရရှိမှာဖြစ်ကြောင်း၊ ဒါ့အပြင် ဝန်ထမ်းများ လုပ်ငန်းခွင်မှာ ပိုမိုပျော်ရွှင်လာမည်ဖြစ်ပြီး စိတ်ဖိစီးမှုများလျော့ကျသွားမည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ရင်နိုင်ရမည်ဆိုသည့် စိတ်ဓာတ်ဖြင့် အနိုင်မခံအရှုံးမပေး၊ ဇွဲစိတ်ဓာတ်အပြည့်အဝနှင့် ယှဉ်ပြိုင်ကစားကြရန်၊  မိမိတို့ဌာနဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်သော အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် ဘင်ခရာတီးဝိုင်တပ်ဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားအသင်းများသည် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင် မိဘပြည်သူများက ပြိုင်ပွဲပထမနေ့ ပွဲစဉ်အဖြစ် ပြည်နယ်စည်ပင်သာယာရေးဌာနအသင်းနှင့် ပြည်နယ်မီးသတ်ဦးစီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲအား ဌာနဆိုင်ရာအသီးသီးမှ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၅)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)