ကျိုက်မရောမြို့နယ်၌ မိုးခရမ်းအဖြူသီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ စျေးကောင်းရ၍ မိသားစုဝင်ငွေရနေ

ကျိုက်မရော သြဂုတ် ၁၂

ကျိုက်မရောမြို့နယ်၊ အောင်သုခရပ်ကွက်ရှိ ပြည်သူများအနေဖြင့် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကျောင်းပြူကြရာ ယခုနှစ်မိုးရာသီ၌ ခရမ်းသီးအဖြူသီးအပုမျိုးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ၌ မိုးကောင်းသဖြင့် အထွက်နှုန်းကောင်းကာ စျေးကောင်းလည်းရရှိ၍ မိသားစုအပိုဝင်ငွေရ၍ အဆင်ပြေလျက်ရှိသည်။

ခရမ်းသီးများ စိုက်ပျိူးရာတွင် ခရမ်းအဖြူသီးအပုမျိုးနှင့် ခရမ်းသီးအရှည်မျိူးခရမ်းရောင်သီးဟူ၍ နှစ်မျိူးခွဲခြားပြီးစိုက်ပျိူးရာ အဖြူရောင်အကျားသီးက အပုမျိုးဖြစ်၍အထွက်နှုန်းပိုကောင်းသဖြင့် စိုက်ပျိုးသူပိုများကြောင်း ခရမ်းသီးအစေ့ကိုပျိုး၍ ပျိုးပင်များရှင်သန်ချိန်၌ မြောင်းဖော်၍  ဘောင်ပေါ်တွင် တစ်ပင်ကို ခြောက်လက်မခြား၍ စိုက်ပျိုးရကြောင်း မြေကြီးအစိုဓာတ်ရှိသောအချိန်မျိုးတွင် စိုက်ပျိူးပါကပိုကောင်းပြီး မိုးခရမ်းအဖြူသီးကိုတော့ မိုးဖြိုင်ဖြိုင်ကျသည့် ကဆုန်နယုန်လများတွင် စတင်စိုက်ပျိုးကြပြီး ဝါဆိုလကျော်သည်နှင့် ခရမ်းသီးများ လှိုင်လှိုင်ထွက်စပြု၍ ခရမ်းသီးများ စတင်သီးချိန်တွင် အသီးအထွက်နှုန်းကောင်းစေရန်နှင့် ပိုးမကျစေရန် မိုးမရွာသည့်အချိန်တွင် ပိုးသတ်ဆေးဖျန်း၍ မြေသြဇာများစနစ်တကျကျွေးပေးရကြောင်း ခရမ်းသီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူ အောင်သုခရပ်ကွက်မှ တောင်သူဦးတင်အေး၏ ပြောပြချက်အရ သိရသည်။

ယခုနှစ်၌ ခရမ်းသီးများ စျေးကောင်းရပြီး ခရမ်းသီးတစ်ပိသာလျှင် လေးထောင်ကျပ်မှ ငါးထောင်ကျပ်အထိရသဖြင့် မိသားစုဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)