မိုင်းယောင်း ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဖကျောက်ကျေးရွာ၌ သမဝါယမအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ယမန်နေ့က သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ဝင်းမာနွယ်က သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက် သမဝါယမသဘောတရား၊ ကျင့်ဝတ်၊ အနှစ်သာရနှင့် သမဝါယမအခြခံမူများ စသည့် သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အကြီးတန်းစာရေး ဒေါ်နန်းလျှိုးရှဲန်မုန်းက သမဝါယမအသင်းသစ်များအား သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း၊ မှတ်ပုံတင်ပေးခြင်း၊ ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအားလည်း ကျစ်လျစ်ခိုင်မာစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်အေးအေးအောင်က သမဝါယမအသင်းမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အတန်းမြှင့်တင်ရေး စသည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ကျေးရွာတာဝန်ခံနှင့် ရပ်မိရပ်ဖများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ဝင်းမာနွယ်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ ဖကျောက်ကျေးရွာကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Smart Village အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)