မန္တလေး ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိ ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ယမန်နေ့မွန်းလွဲ ၃ နာရီကကျင်းပရာ အောင်မြေသာစံမြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌအမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၀ ပါး ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဝတ်အသင်းများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကို ဖွင့်လှစ်ကာ အောင်မြေသာစံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသိရီဘိဝံသ ဆရာတော်ထံက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားပင့်ဆောင်ခြင်း၊ နတ်ဗြဟ္မများ ပင့်ဆောင်ခြင်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်အောင်မြေသာစံမြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံ နဝကမ္မဝတ္ထုငွေများ ကပ်လှူကြပြီးနောက် အလှည့်ကျ ဘာဏကဆရာတော်များက ဥပ္ပါတသန္တိကျမ်းမြတ်ကို ရွတ်ဖတ်ပူဇော်ကြကြောင်းနှင့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းကို ဆရာတော်၊ သံဃာတော် ၁၀ ပါးက ၁ဝ ရက်တိုင်အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း