တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ်  ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲခေါင်းဆောင်၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းက တက်ရောက်လာသောအဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ တိုင်ကြားစာများအားလက်ခံရရှိပါက ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများကို သိရှိထားရန်လိုအပ်ကြောင်း၊ အဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း အများပြည်သူသိရှိစေရန် အသိပညာပေးရမှာဖြစ်ကြောင်း၊ ထို့အပြင်ဥပဒေအသိပညာပေးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခြင်းနှင့်အတူ စာအုပ်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊ အများပြည်သူ အလွယ်တကူ သိရှိစေရန်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကိုဆောင်ရွက်သည့် အခါတွင်အများပြည်သူကျယ်ပြန့်စွာ သိရှိနိုင်စေရန်ဥပဒေအသိပညာပေးခြင်းလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရန် တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းလာစေရန်နှင့် တရားမျှတမှုကိုအားလုံး လက်လှမ်းမီစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲတွေရဲ့ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် မိမိတို့အားပေးအပ်ထားသောလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အခက်အခဲမရှိအောင် စံလုပ်ထုံးလုပ်နည်းများကို လေ့လာကြရန်နှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါမှာ အောင်မြင်အောင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးဥပဒေအရာရှိက အဖွဲ့ခွဲ၏လုပ်ငန်းတာဝန်များကို ဆွေးနွေးတင်ပြပြီးအဖွဲ့ဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)