တပ်ကုန်း ဩဂုတ် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေး ဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် “ဘယ်လိုလုပ်ကြမလဲနှင့်အခြားဆောင်းပါးများ” စာအုပ်ကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
စာဖတ်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)နှင့်အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားထားသည့် “ဘယ်လိုလုပ်ကြမလဲနှင့်အခြားဆောင်းပါးများ” စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးရတနာစိုး