ကျောက်ဆည် ဩဂုတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက် (၉)နာရီက ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး၊ ခရိုင်ဥပဒေအရာရှိဦးအောင်စိုးလင်း၊ ခရိုင် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲအမှတ်ပေး ဒိုင်ချုပ်ဥက္ကဋ္ဌ ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို (၁၉၉၃)ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး သက်တမ်းအားဖြင့်(၃၁)နှစ်၊ အကြိမ်ရေအားဖြင့်(၂၅)ကြိမ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းမြင့်မားမှုကို ညွှန်းဆိုပြပါကြောင်း၊ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအနေဖြင့် တိုင်းဒေသကြီးအဆင့်၊ ဗဟိုအဆင့် ပြိုင်ပွဲများတွင် ယခင်နှစ်များထက် အောင်မြင်မှုများရရှိအောင် ကြိုးစားသွားကြစေလိုကြောင်း ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားစေရေး လက်ဆင့် ကမ်းထိန်းသိမ်းသွားကြရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဝါသနာရှင်ဒုတိယအဆင့် အမျိုးသား/အမျိုးသမီး ခေတ် ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊ အခြေခံပညာအဆင့် (၁၀-၁၅)နှစ် အမျိုးသား/အမျိုးသမီး အဆို/အတီး ပြိုင်ပွဲ၊ (၁၅-၂၀)နှစ် တစ်ပင်တိုင်အက၊ ကျေးလက်ယိမ်းအက၊ စန္ဒယား၊ ပတ္တလား၊ ဂီတာ၊ ဒုံမင်း၊ ဆိုင်း အတီးပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)