မိတ္ထီလာမြို့နယ် ကျွန်းဖိုပင်ကျေးရွာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဆောင်ရွက်

မိတ္ထီလာ သြဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က ကန်သာကျေးရွာအုပ်စု ကျွန်းဖိုပင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။             

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက သန်းခေါင်စာရင်းဆိုင်ရာ ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စု မေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများ စသည့်အကြောင်းအရာများကို အသိပညာပေးရှင်းလင်းခဲ့ရာ တက်ရောက်လာသူများမှ သန်းခေါင်စာရင်းဆိုင်ရာများနှင့်ပတ်သက်၍ မေးမြန်းလာမှုများအား မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက်အခမ်းအနားသို့ တက်ရောက်လာသူများအား လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေးရှင်းလင်းပွဲကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ မြို့နယ်သန်းခေါင် စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများ၊ ကန်သာကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျွန်းဖိုပင်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများ တက်ရောက်ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)