ရန်ကုန် ဩဂုတ် ၁၁
ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်းအမှတ်စဉ်(၃)ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ရာသင်တန်းသား(၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။ “သင်္ဘောသားတစ်ယောက်လုပ်တော့မယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်သလဲ။ သင်္ဘောပေါ်ရောက်ရင် ဘယ်လိုမျိုးတွေလုပ်ဆောင်ရမယ်ဆိုတာတွေကို သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။ သင်္ဘောတက်မယ့်သူတွေအနေနဲ့ အလုပ်ကိုကျွမ်းကျွမ်းကျင်ကျင် မလုပ်နိုင်ဘူးဆိုရင် သင်္ဘောတက်မယ့်နေရာမှာ အဆင်မပြေဖြစ်မယ်။ အင်တာဗျူးလုပ်မယ့် အခါကျရင်လည်း အဆင်ပြေစေဖို့ပါ။ အဖွဲ့ချုပ်ရဲ့ ချမှတ်ထားတဲ့အချက်တွေကိုလည်း အလုပ်အမှုဆောင်အဖွဲ့က ဖြည့်ဆည်းပေးတဲ့သဘောပါ” ဟု မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန်စိုးမင်းအောင်က ပြောသည်။
ကုန်းပတ်သင်္ဘောသား အခြေခံလက်တွေ့သင်တန်းကို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ အခမဲ့ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းအား သင်ကြားအထောက်အကူပြုပစ္စည်းများဖြင့် ဆရာဦးသက်ထွန်း CDC 7507 နှင့် ဆရာဦးအောင်ဌေး CDC 15200 တို့ နှစ်ဦးမှ အနီးကပ်သင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရက်သတ္တပတ် ၃ ပတ်၊ နာရီပေါင်း(၃၆)နာရီကြာ ရသင်ကြားပို့ချသွားမည် ဖြစ်သည်။ ယင်းအပြင် သင်္ဘောတက်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် သင်တန်ဆင်းလက်မှတ်နှင့်အတူ သုံးသပ်အမှတ်စာရင်းကိုပါ ထည့်သွင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)