ရန်ကင်းမြို့နယ်၌ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကျင်းပ

ရန်ကင်း  သြဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်ပသော “ ဆေးလိပ် ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲများကို ယနေ့နံနက် (၈) နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့မိမြို့ဖ ဦးရဲဝင်းကျော်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက ဆေးလိပ် ဆေးရွက်ကြီး သောက်သုံးမှု ကျဆင်းရေးကို ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကို စတင်ခဲ့ရာ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး၊ မူလတန်း အဆင့် ကျောင်းသား​၊ ကျောင်းသူ(၁၀)ဦး၊ စုစုပေါင်း ဝင်ရောက်ယှဉ်ပြိုင်သူ(၅၀)ဦးပါဝင် ယှဉ်ပြိုင်ခဲ့ ကြကြောင်းနှင့် ဆုရရှိသူများအား အမျိုးအစားတစ်ခုလျှင် ပထမ၊ ဒုတိယ၊ တတိယ ဆုများအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)