မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်လှူဒါန်းပွဲကျင်းပ

မင်္ဂလာတောင်ညွန့် ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ချိန်တွင် မိမိတို့ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျ အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍မင်္ဂလာတောင်ညွန့်မြို့နယ် အားကစားနှင့်ကာယပညာဦစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဩဂုတ်လ ၉ ရက်နေ့နံနက် ၁၀ အချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်စာရေးဆရာမဒေါ်ရူပါသိမ်း “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဉီးစီးအရာရှိဒေါက်တာကောင်းဇံမှ “ကျန်းမာရေးနှင့်အားကစားဆိုင်ရာအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ယာဉ် ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှုးဉီးဇော်အောင်ထွန်းမှ “ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ်အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ မြို့နယ်အားကစားနှင့် ကာယပညာဦစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား ဉီးစီးအရာရှိ ဉီးမိုးကျော်ကျော်ကပေးအပ်ရာ ကျောင်းတာဝန်ခံဆရာမဒေါ်သာနှောင်းအေးက လက်ခံရယူခဲ့သည်။ ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဉီးစီးဌာနမှ Fitness dance  အကဖြင့်သရုပ်ပြ ကပြခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းတာဝန်ခံဆရာမနှင့် ဆရာမများ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များအားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)