နေပြည်တော် ဩဂုတ် ၁၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းနှင့် ဦးကျော်ထွန်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုကားလမ်းဘေးရှိ မင်္ဂလာကန်သို့ သွားရောက်၍ ကန်ပတ်လမ်း တစ်လျှောက်သာယာလှပရေးအတွက် မြေယာရှုခင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် မင်္ဂလာကန်သို့ အပန်းဖြေ လာရောက်ကြသည့် အများပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် Linn IT Solutions Co.,Ltd မှ ဆောက်လုပ်လှူဒါန်းသည့် အများသုံးသန့်စင်ခန်း ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က အပန်းဖြေလာရောက်သူများ အပူဒဏ်မှကာကွယ်နိုင်ရန်အတွက် အရိပ်ရပင်များ ထပ်တိုးစိုက်ပျိုးရန်နှင့် မင်္ဂလာကန်၏ရေပြင်အား အမြဲကြည်လင်သန့်ရှင်းစေရန်အတွက် အမှိုက်သရိုက်များကို အထူးဂရုပြုရှင်းလင်းကြရန် မှာကြားသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်နှင့် ပျဉ်းမနားမြို့နယ်ရှိ ရှမ်းကန်တို့တွင် (၁၈'x၁၆'x၁၁')ရှိ အများသုံးသန့်စင်ခန်း(၂)ခု ဆောက် လုပ်လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန်ရုံး ဧည့်ခန်းမဆောင်၌ ဆက်လက်ကျင်းပရာ မြို့တော်ဝန်က အများပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် အတွက် အများသုံးသန့်စင်ခန်းများ ဆောက်လုပ်လှူဒါန်းသည့် Linn IT Solutions Co.,Ltd ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ကျေးရွာအုပ်စုများမှ တောင်သူများ နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆည်ရေအသုံးပြုတောင်သူများ သိရှိလိုက်နားဆောင်ရွက်သင့်သည့်အချက်များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ လယ်မြေ (မိုးကောင်းသောက်)တွင် စိုက်ပျိုးသင့်သည့် သီးနှံပုံစံများနှင့်လယ်မြေ (ဆည်ရေသောက်)တွင် စိုက်ပျိုးသင့်သည့် သီးနှံပုံစံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးနှင့်အခြာသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူများ ဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်းနှင့် ရိတ် သိမ်းရာတွင် အလေအလွင့် အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများတွင် ကျယ်စွာအသုံးပြုနိုင်ရေးတို့ကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးမှထွက်ရှိသည့် ထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်အောင် ထုတ်လုပ်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးအသိပညာပေးစင်တာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များက အသိပညာပေးဆွေးနွေးမှုများ မပြတ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ခေတ်နှင့်အညီ ခေတ်မီနည်းပညာများကို အသုံးပြုပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီး တောင်သူများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တောင်သူများနှင့်အတူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသီးနှံများမှ စွန့်ပစ်ပစ္စည်းများနှင့် EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်မှုသရုပ်ပြသခြင်းကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျံချီကျေးရွာတွင် ကျေးရွာ စာကြည့်တိုက်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခန့်စေရေး၊ စံချိန်စံညွှန်းပြည့်မီစေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)