ဒဂုံအရှေ့ ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ရပ်ကွက်နှင့်ကျေးရွာများရှိ စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲနှင့်စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှူး ဦးဝင်းသိန်းက စာကြည့်တိုက်ဆိုင်ရာ များကိုဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလပြည့်ဇင်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးမဉ္ဇူက စာအုပ်လှူဒါန်းပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် အလှူရှင်များမှလှူဒါန်းသောစာအုပ်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ စာကြည့်တိုက်တစ်တိုက်လျှင် (၃၈) အုပ်နှုန်းဖြင့် စာကြည့်တိုက် (၉)တိုက်အား လှူဒါန်းခဲ့ပြီး မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းရှိ လင်းရောင်ခြည်စာကြည့်တိုက်အား စာအုပ် (၄၀၄)အုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ (ပြန်/ဆက်)