တောင်ကြီး ဩဂုတ် ၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ၊ မိုင်းသောက်ပထမစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများအား လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ နှစ်ကာလရှည်အသုံးပြုလျက်ရှိသည့် တစ်ထပ်ပျဉ်ထောင်စာသင်ဆောင်ဟောင်းအား ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်တည်ဆောက်ရန် တင်ပြထားရှိမှုနှင့် လက်ရှိအသုံးပြုနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းစောက်ကျေးရွာရှိ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းအစည်းအဝေးခန်းမ၌ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံရာတွင် ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းကျောင်း၊ သင်တန်းသားများ၊ ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် သင်တန်းကျောင်းရှိ စာသင်ဆောင်များ၊ လက်တွေ့သင်ကြားပို့ချသည့် သင်တန်းဆောင်များနှင့် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့ စိုက်ပျိုးကျေးရွာရှိ ထပ်အိမ်ဂူဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ရောက်ရှိပြီး ထပ်အိမ်ဂူဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ နေ့လယ်စာသုံးဆောင်နေမှုကို ကြည့်ရှုပြီး ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်