နေပြည်တော် ဩဂုတ် ၁၀
နေပြည်တော်ကောင်စီမှ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်းတောင်၊ တောင်ညိုကြိုးဝိုင်း၊ အကွက်အမှတ်(၆၀)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ကော်မတီဝင်များနှင့်ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်တောဖုံးလွှမ်းမှုကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ ရေဝေရေလဲဧရိယာများတွင် သစ်တောဖုံးလွှမ်းပြီး ရေစီးရေလာကောင်းမွန်စေရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရေးရည်ရွယ်ပြီး သစ်ပင်စိုက်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်စေရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြနှင့်ရပ်ရွာအသီးသီးတွင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ “ဥတုရာသီတောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် သက်ရှိများနေထိုင်ရာ ကမ္ဘာမြေကြီးသာယာလှပစေရုံသာမက သက်ရှိများ ကောင်းမွန်စွာ ရှင်သန်နိုင်ရေးအတွက် များစွာပံ့ပိုးကူညီပေးနေပါကြောင်း၊ နေပြည်တော်အတွင်း ရေဝေရေလဲဧရိယာများတွင် သဘာဝတောများ ရေရှည်တည်တံစေရေးအတွက် ဓမ္မတာမျိုးဆက်ခြင်း အထောက်အကူပြုလုပ်ငန်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းလုပ်ငန်းစသည့် သစ်တောလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်ငံအဝန်းသစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သစ်တောသစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် မယ်ဇလီပင်ကိုစိုက်ပျိုးပေးပြီး နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် မယ်ဇလီ၊ စိန်ပန်း၊ ကုက္ကိုလ်၊ ပိတောက်နှင့် မဟော်ဂနီပင်စသည့် သစ်မျိုးငါးမျိုး၊ စုစုပေါင်းအပင် ၅၄၀ ပင်ကို စိုက်ပျိုးကြရာ စုပေါင်းစိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် တောင်သူများနှင့်တွေ့ဆုံရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစန်းလွင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ လယ်မြေ(မိုးကောင်းသောက်)တွင် စိုက်ပျိုးသင့်သည့် သီးနှံပုံစံများနှင့် လယ်မြေ(ဆည်ရေသောက်)တွင် စိုက်ပျိုးသင့်သည့် သီးနှံပုံစံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက စပါးအဝင်သီးနှံအထွက်နှုန်းများတိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ပန်းတိုင်အထွက်နှုန်းများ တိုးတက်ထွက်ရှိအောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား တိုးတက်ရေးတို့ကို စီမံဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ နည်းပညာများနှင့်ပတ်သက်သည့် စာအုပ်စာပေများကို ရွေ့လျားစနစ်ဖြင့် ကျေးရွာတောင်သူများအား အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်စေလိုကြောင်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမျာတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေရာခိုင်နှုန်း မြင့်မားတိုးတက်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပြီး တောင်သူများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး ကွင်းအမှတ် ၂၀၄၀ တောင်သူဦးဆန်းနိုင်၏ လယ်မြေတွင် Seeder စနစ်ဖြင့် မိုးစပါးစိုက်ပျိုးမှု အခြေအနေအား ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် MSME အသင်းအဖွဲ့ဝင်များ၊ မြို့နယ် ဆန်၊ ဆီစက်လုပ်ငန်းရှင်များ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကများ ပိုမိုတိုးတက်လာစေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ကို စနစ်တကျမှန်ကန်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစွမ်းအားများ တိုးတက်လာစေမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ မွေးမြူရေးထုတ်ကုန်များ လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး ပြည်တွင်း စားရေရိက္ခာဖူလုံကာ ပြည်ပသို့တင်သွင်းနိုင်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းများအနေဖြင့်လည်း ထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေရာခိုင်နှုန်းမြင့်မားတိုးတက်ရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြေားကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၂၄၅/၇)တွင် တံတားဦးစီးဌာန တံတားအထူးဖွဲ(၆)မှ တာဝန်ယူတည်ဆောက်နေသည့် နဝင်းချောင်းတံတား အရှည်ပေ ၁၉၀ အား မူလနှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌကလုပ်ငန်းများကို သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထားဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ကော်မတီဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့နယ်၊ အမှတ်(၈၅)တံတားအနီး ငလိုက်ချောင်းဘေးတွင် မြေယာရှုခင်းဆောင်ရွက်နေမှုအခြေအနေများနှင့် သန်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ကန်တော်မင်္ဂလာရှမ်းကန်တွင် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် အများသုံးသန့်စင်ခန်းဆောက်လုပ်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်လင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြေယာရှုခင်းလုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ရန်၊ ရှမ်းကန်တောင်ဘက်ကိုးဆူဘုရားအရှေ့ဘက်မုဒ်ဦးအနီးရှိ တြိဂံလမ်းလယ်ကျွန်းအားပြုပြင်ရန် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကိုမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရာဇဌာနီလမ်းပေါ်ရှိ နှင်းဆီပန်းအဝိုင်း အဝိုင်းပတ်လည် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်လင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးက ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး၊ ယာဉ်များချောမွေ့စွာ သွားလာနိုင်စေရေးအတွက် Levelling မှန်ကန်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ရေဆင်းကောင်းမွန်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)