အမှတ် (၁) အ.ထ.က တွင် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် Master Chef ပြိုင်ပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်အမှတ် လှုပ်ရှားမှုအဖြစ်၊ Master Chef ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်၍ အဟာရပြည့်ဝသော အစားအစာများကို ချက်ပြုတ်စားသောက်တတ်စေရန်နှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ပြုလုပ်သည့်၊ Master Chef ပြိုင်ပွဲကို Grade-11. Grade-10  နှင့် Grade-9 ကျောင်းသား ကျောင်းသူလေးများက အဖွဲ့(၃)ဖွဲ့ ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အမှတ်ပေးဒိုင်များအဖြစ် မြို့နယ်ပညာရေးမှူး ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးတို့က တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး၊ အဟာရပြည့်ဝသည့် အစာအုပ်စု (၃) မျိုးလုံး ပါဝင်မှု၊ သန့်ရှင်းသတ်ရပ်မှု၊ စည်းလုံးညီညွတ်စွာ ဆောင်ရွက်မှု၊ သတ်မှတ်အချိန်မီပြီးစီးမှုနှင့် အရသာ ကောင်းမွန်မှုတို့ကို အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။ ပြိုင်ပွဲ မစတင်မီ မြို့နယ်ပညာရေးမှူးက အမှတ်ပေးစည်းမျဉ်း သတ်မှတ်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ကြရာ၊ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူလေးများက မိမိတို့ ရွေးချယ်ထားသည့် ထမင်းနှင့် ဟင်းလျာများကို သတ်မှတ်အချိန်အတွင်းပြီးစီး၍ အဟာရပြည့်ဝပြီး အရသာရှိအောင် ယှဉ်ပြိုင်ချက်ပြုတ်ကြသည်။ ယင်းနောက် အမှတ်ပေးဒိုင်များက ဟင်းလျာပြင်ဆင်ထားရှိမှုများနှင့် အရသာရှိမှုတို့ကို စိစစ်အကဲဖြတ်အမှတ်ပေးကြပြီး၊ ဆုပေးပွဲကို ဆက်လက်ကျင်းပရာ Garade-10 က ပထမ၊ Grade-11 က ဒုတိယနှင့် Grade-9 က တတိယ ရရှိခဲ့ကြ ကြောင်းသိရပြီး၊ ဆုများကို မြို့နယ်ပညာရေးမှူးက အဖွဲ့ခေါင်းဆောင်များထံ ပေးအပ်၍  အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူးဒေါ်မော်မော်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သဲဖြူ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)