ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ အဆင့်မြင့်လူနာကုတင် အစုံ (၃၀) လှူဒါန်းပွဲနှင့် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားများသို့ တက်ရောက်၊ အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရေကူးအားကစားအသင်းအား ကြည့်ရှုအားပေး

မြစ်ကြီးနား သြဂုတ် ၁၀

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြများ သန့်ရှင်းသာယာလှပရေးအတွက် ဘုရားကျောင်းကန်များနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများနှင့်အတူ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေဝပ်သည့်နေရာများ မြေဖို့ပေးခြင်း၊ ရေနှုတ်မြောင်းများ ရှင်းလင်းဆောင်ရွက်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ရေတင်ကျန်သည့် အမှိုက်သရိုက်များ ရှင်းလင်းပေးခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ကျောင်းဝင်းအတွင်း စာသင်ဆောင်သစ် ၁၄၀ ပေ × ၃၀ ပေ RCC (၄)အဆောက်အအုံသစ် တည်ဆောက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ ထပ်မံသွားရောက်ပြီး ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သင်ကြားရေးဆရာ၊ ဆရာမများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ထိုမှတစ်ဆင့် စီတာပူရပ်ကွက် မနောကွင်းအတွင်း စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်း များ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့် ပူးပေါင်း၍  မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဇိုင်းဝါးမျိုးနွယ်စုလူငယ်များ စုပေါင်း၍ မနောကွင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ မနောကွင်းပတ်လည်တွင် သပြေဘူတပန်းပင်များကို စိုက်ပျိုးပေးခဲ့ကြသည်။

ထို့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် သြဂုတ် ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက ဆေးရုံသုံးအဆင့်မြင့် လူနာကုတင်အစုံ (၃၀) ပေးအပ်လှူဒါန်းပွဲသို့ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

အဆိုပါ လှူဒါန်းပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဆေးဝါးကုသစောင့်ရှောက်မှုပေးခြင်း၊ ထောက်ပံ့လှူဒါန်းခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ကိုယ်စား အထူးပင် ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့ ဖောင်ဒေးရှင်းမှ ဆေးရုံသုံးအဆင့်မြင့် လူနာကုတင်အစုံ (၃၀) ပေးအပ်လှူဒါန်းခြင်းအတွက်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်တွင်လည်း ယခုထက်ပိုမိုပြီး လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း မှတ်တမ်းတင်ဂုဏ်ပြု ပြောကြားခဲ့သည်။

ယင်းနောက် ဖောင်းဒေးရှင်းဥက္ကဋ္ဌ ဒူဝါဒေါက်တာဘွမ်ယွန်က ကုတင်-၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးအတွက် ဆေးရုံသုံးအဆင့်မြင့်လူနာကုတင် အစုံ (၃၀) လှူဒါန်းပေးအပ်ရခြင်းနှင့် အလှူရှင်တစ်ဦးချင်းစီကို မိတ်ဆက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖောင်ဒေးရှင်းကိုယ်စား ဆေးရုံသုံး အဆင့်မြင့်လူနာကုတင် အစုံ (၃၀)ကို ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ထံလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဆေးရုံအုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက လှူဒါန်းသည့် ဆေးရုံသုံး အဆင့်မြင့်လူနာကုတင်အစုံ (၃၀)အား လူနာဆောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး နေရာချထား၍ ခင်းကျင်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကုတင်များ တပ်ဆင်အသုံးပြုဆောင်ရွက်နိုင်သည့် အခြေအနေများကို အလှူရှင်များ၊ ဆေးရုံတာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၁ ခုနှစ်တွင် (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုရရှိခဲ့သော စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် ၂၀၂၄ ခုနှစ်၊ (၂၁) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစား၌ ဒုတိယဆုဆွတ်ခူးရရှိခဲ့သော မြစ်ကြီးနားတက္ကသိုလ်မှ မောင်စစ်လင်းထွဋ်တို့အား ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လာအိုနိုင်ငံမှ ချီးမြှင့်သည့် (၁၂)ကြိမ်မြောက် မဲခေါင်စာပေဆုရ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် အရှေ့တောင်အာရှ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရ မြစ်ကြီးနားတက္ကသိုလ်မှ မောင်စစ်လင်းထွဋ်တို့အား ဂုဏ်ပြုချီးမြှင့်ငွေ၊ အမှတ်တရ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ စာရေးဆရာအကြီးကိုကို (ကသာ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အခမ်းအနားတက်ရောက်လာကြသူများက နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားသို့ ပြည်နယ်အတွင်းရှိ လူငယ်များကိုယ်စား တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်အဖွဲ့က ကချင်တိုင်းရင်းရိုးရာအကအလှဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇော်ဂျွန်းလမ်းပေါ်ရှိ မနောဧရာရေကူးကန်အတွင်း ပြည်နယ်ရေကူးအားကစားဆပ်ကော်မတီက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြိုင်ပွဲရောက်ကြမည့် ကျား/မ လက်ရွေးစင်ရေကူး အားကစားသမားများအား နည်းပြများက စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ရေကူးအားကစားနည်းပြအဖွဲ့နှင့် ကစားသမားများအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)