ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဟိုပုံး ဩဂုတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြည်သူများ လူကုန်ကူးမှုမခံရစေရန် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တပ်ဖွဲ့စု (၁၅) တောင်ကြီးတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သန်းဌေးအောင်က အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တပ်ဖွဲ့စု (၁၅) တောင်ကြီးမှ တပ်ဖွဲ့စုမှူး မျိုးဇင်က လူကုန်ကူးမှု ဖြစ်ပွားတတ်သည့် ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရန်နည်းလမ်းများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုအား သတိပြုရှောင်ရှားရန်နည်းလမ်းများ၊ အငှားကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သောအကြောင်းအရာများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမှတ် (၄၁/၂၂) ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဥပဒေစသည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားပြည်သူ (၇၃) ဦးက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့သည်။

ထို့အပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးကာ ရွှေ့ပြောင်းလုပ်သားပြည်သူများအား သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)